RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီလှိုင်းဂျာနယ် သတင်းစာထုတ်တဲ့ အခါမှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်တယ်လို့အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ် ထုတ်ဝေတဲ့ တစ်နှစ်ပြည့်ခါနီးမှာ ပုဂ္ဂလိကသတင်းစာတွေကို အစိုးရက ထုတ်ဝေခွင့် ပေးတာကြောင့် အခုလို ထုတ်ဝေဖို့ စီစဉ်တာလို့ သိရပါတယ်။
ဒီလှိုင်းဂျာနယ်ဟာ အန်အယ်လ်ဒီပါတီရဲ့ ပါတီသဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြနေတဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး သတင်းစာထုတ်ဝေတဲ့အခါ သတင်းစာတွေရဲ့ အင်္ဂါရပ်နဲ့အညီထုတ်ဝေသွားမယ်လို့ သိရပါတယ်။
