ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအမီ အပြီးတည်ဆောက် သွားမည်ဟု ဆူမီတိုမို ကော်ပိုရေးရှင်း၏ Telecommunication Business Dept မှ General Manager Mr. Y Benino က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကို ဆက်သွယ်မည့် ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်းကို ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့ငွေဖြင့် ဆူမီတိုမို၊ NEC နှင့် NTT ကုမ္ပဏီတို့မှ Optical Fiber-based ဆက်သွယ်ရေးဆက်ကြောင်း တည်ဆောက်ရန် မြန်မာအစိုးရနှင့် အပြီးသတ် စာချုပ်ချုပ်ဆို ပြီးစီးပြီ ဖြစ်သည်။ "ကျွန်တော်တို့ အင်ဂျင်နီယာတွေ အကုန်ရောက်နေပါပြီ။ နိုဝင်ဘာ ကုန်တာနဲ့ အကုန်ပြီးအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မြို့ကြီးသုံးမြို့အပြင် အားကစား စတေဒီယမ်ကြီးတွေ အတွင်းပိုင်းမှာလည်း ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ SEA Game စတာနဲ့ ဒီလိုဆက်သွယ်ရေး လိုအပ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်" ဟု Mr. Y Benino က ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ ဆက်ကြောင်းများ တည်ဆောက်မည့် ဂျပန်ကုမ္ပဏီကြီး သုံးခုက တစ်စက္ကန့်လျှင် ၃၀ ဂစ်ဂါဘိုက် ထုတ်လွှတ်နိုင်စွမ်းရှိမည့် မြန်နှုန်းမြင့် ကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်သည်။ ထို့ပြင် ၎င်းကုမ္ပဏီ သုံးခုက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တစ်စက္ကန့်လျှင် ၁၀ ဂစ်ဂါဘိုက်နှုန်းဖြင့် အသံနှင့် ဒေတာများ ထုတ်လွှင့်နိုင်မည့် Fiber-Optic ကွန်ရက်များကို တပ်ဆင်သွားမည်ဟု ဆိုသည်။ News Eleven media group