Wednesday, June 19, 2013

NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျင် ဗဟိုကော်မတီသို့ ရှင်းရမည်

မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းအတွဲ ၂၊ အမှတ် (၁၅)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းသည် အမေရိကန် ကွန်ဂရက် ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်မှ ၁၈ ရက် အထိ အမေရိကန်သို့ ၁၀ ရက်ကြာခရီးစဉ် သွားရောက်ခဲ့သည့် ကာလအတွင်း အေပီသတင်းဌာနနှင့် တွေ့ဆုံရာတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

''ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းသည် ပါတီ ဗဟိုကော်မတီ သဘောထား မပါဘဲ မိမိကိုယ်ပိုင် သဘောထားဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်၍ ၎င်းကိစ္စအား နိုင်ငံခြားခရီးစဉ်မှ ပြန်လာလျှင် ပါတီဗဟိုကော်မတီသို့ ပြန်လည် ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်''ဟု မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

''ဒီကိစ္စက ဗဟိုကော်မတီတွေ ဘာတွေ ဆုံးဖြတ်ပြီးမှ၊ ညီလာခံတွေမှာ ဆုံးဖြတ်ပြီးမှ ဒါပြောရမယ့် စကားပဲလေ။ ကျွန်တော်တော့ အဲလိုနားလည်တယ်။ ဒါပေမဲ့ ဘယ်လိုပြောလိုက် သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့နဲ့ ဒေါ်စုကြည်နဲ့ ရင်းနှီးတာကို၊ NLD ကိုယ်စားလှယ်တချို့နဲ့ ကျွန်တော်တို့ ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြတာတွေ၊ ဝေဖန်တာတွေ၊ ပြောဆိုတာတွေ ရှိတယ်'' ဟု ဦအောင်သောင်းက ပြောကြောင်း အဆိုပါ အပတ်စဉ် သတင်းတွင် ဖော်ပြထားသည်။

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ရင်းနှီးကြောင်း၊ အမြဲတမ်း တိုင်ပင်ပြီး လုပ်သည်ကိုလည်း တွေ့ရကြောင်း၊ တွေ့သည့် အကြိမ်များသည့် အတွက် ရင်းနှီးသွားကြောင်း၊ ယင်းအချက်ကို အပြင်မှလူများ သိချင်မှ သိမည်ဖြစ်သော်လည်း လွှတ်တော်ထဲမှ အချို့လူ အနည်းအကျဉ်းနှင့် ကော်မတီတွင် ပါသည့်သူများကမူ သိကြောင်း စသည်ဖြင့်လည်း ဦးအောင်သောင်း၏ ပြောစကားကို ဆက်လက် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ သတင်းတွင်ပင် ''အခုလည်း နိုင်ငံရေး ဆောင်ရွက်နေတာဆိုတော့၊ လက်ရှိပါတီ ဥက္ကဋ္ဌလည်းဖြစ်တော့ သူလည်း အထိုက်အလျောက်တော့ ပြောခွင့်ရှိတယ်လို့ ထင်တယ်။ ပြောနိုင်ခွင့် ရှိပါတယ်။ ဟိုတုန်းက ရုရှား အတွင်းရေးမှူး ခရူးရှက်ရဲ့ ကုလသမဂ္ဂမှာ ဖိနပ်နဲ့ ခုံပေါ်ထောက်ပြီးတော့ ရိုက်ပြီးတော့ ပြောခဲ့တာမလား။ သူက ကျွန်တော်တို့ သဘောမတူဘဲ ခင်ဗျားဘာလို့လုပ်လဲ။ ခရူးရှက် ပြုတ်ကျရခြင်းဟာ အဲဒီကိစ္စပါပဲ။ ကျူးဘားဒုံးပျံ အရေးအခင်းမှာ တက်ပြီး စကားပြောတာ ဗဟိုကော်မတီရဲ့ ကြိုတင်ဆုံးဖြတ်ချက်တွေ မပါဘဲနဲ့ ပြောထည့်လိုက်တာ။ ခရူးရှက် သူထွက်ရတဲ့ အကြောင်းအရင်းမျိုး၊ ကြုံကြိုက်လို့လေ။ ကြားဖူးမှာပေါ့'' ဟု ဦးအောင်သောင်း၏ ပြောစကားကို ထည့်သွင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဆိုသည့် စကားအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ယင်းကိစ္စမှာ မဖြစ်နိုင်ဘဲ ၂၀၁၅ ခုနှစ်တွင် NLD အနိုင်ရခဲ့ပါက ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းသွားမည် မဟုတ်ကြောင်း ဇွန် ၁၉ ရက်က ပြောကြားထားသည်။
_______________________________________________
EMG News

....♥♥♥♥♥♥ ....