ကျနော်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်းအားနည်းချက် တစ်ခု ရှိပါသည်။ ဤအားနည်းချက် သည်ပင် ဖွံ့ဖြိုးမှု နောက်ကျခြင်း၏ အကြောင်းရင်းခံ တစ်ခု ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက် ဟာကွက် မျိုးကို အမေရိကန်တွေက ''လူကြီး သူငယ်နာ ရောဂါ'' ဟု ခေါ်ကြသည်။ ကျနော်တို့ နိုင်ငံ တွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှ ပေါ ဖြစ်လေရာ၊ သူတို့ ပြောသော ရောဂါ အမည်နှင့် အဟပ်ညီမည် ထင်ပါသည်။ သို့နှင့် တိုင် အဆိုပါ အပြစ်အနာအဆာ မှာ စိတ်နှင့် ကိုယ်တွင် ကပ်ငြိနေသော ရောဂါ ဆိုသည်ထက်၊ အသိပညာ အရာတွင် ကလေက၀ နိုင်မှုနှင့် ပို၍ ဆိုင်ပါလိမ့်မည်။ မည်သို့ပင် ရှိစေ ဤလို ရောဂါမျိုး ဖိစီး နှိပ်စက် ခံနေရသည့် မြန်မာလူမျိုး အရေအတွက် သည်ကား ပို၍ ပို၍ များလာ ဟန် ရှိပါသည်။ ထားတော့၊ ဤချို့ယွင်း အားနည်းချက် ( ဆိုကြပါစို့ .. ရောဂါ ) ဆိုသည်မှာ ဘာကို ဆိုလို ပါသနည်း။ ဤရောဂါက ကျနော်တို့ မြန်မာတွေကို ဘယ်သောင် ဘယ်ကမ်း ဆိုက်စေ မည်နည်း။
ကလေး တစ်ယောက်က သူ့ ကစားဖော် သူငယ်ချင်းကို ပြောလေ့ ပြောထ ရှိသည်များ၊ ကျနော်တို့ တစ်တွေ မကြာခဏ ဆိုသလို ကြားရလေ့ ရှိသည်။ ''ငါ့အိမ်က မင်းအိမ် ထက် ပိုကြီးသကွ''၊ ''ငါက မင်းထက် ပို အပြေး သန်သကွ''၊ ''ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက် ချနိုင်တယ် မောင်” စသည်ဖြင့်။ ဤသို့သော ကလေး အကြွားမျိုးကို မိဘ ဖြစ်သူ များက ဟန့်သယောင်၊ တားသယောင်၊ ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ် သဘောကျ နေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘ၀ထိ ပါလာတော့ သည်။ ဦးရွှေက သူ့ဇနီး အတွက် ရွှေဘီး တစ်ချောင်း လုပ်ပေးသော အခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ၊ အဆိုပါ ဖော်ပြချက် မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့် တက် လာသော အခါ ပိုဆိုးလေတော့သည်။ ''ဟေ့.. ငါတို့ မြန်မာဘုရင် တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ '' စသည်ဖြင့်၊ မိမိ အောင်မြင်မှု အပေါ် သွေးနားထင် ရောက်နေသော၊ အခြားနိုင်ငံ နှင့် လူမျိုးများ အပေါ် အဖက် မတန်သလို သဘောထားသော ( ဘ၀င် ) စိတ် ပင် ဖြစ်ပါသည်။ ''ဟိတ်၊ တို့ အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါ အလိမ္မာဆုံးကွ'' ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည် နည်း။
လူဦးရေ နှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျနော်တို့ နိုင်ငံတွင် ၀တ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ၊ အခြား မည်သည့် တိုင်းပြည်ထက် မဆို ပိုများပါသည်။ သို့နှင့်တိုင်၊ ကျနော်တို့ တစ်တွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်း လိုက်နာမှုမှာ အားနည်း လှသည်ဟု ဆိုချင်သည်။ ကျနော်တို့ ဘာသာ တရားက ဘုန်းတော်ကြီးများကို လောကီရေးတွင် ၀င်မစွက်ဖက်ရန် တားမြစ်ထားသည်။ သို့နှင့် တိုင်၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ သွားကြည့်ပါက ၀ါဝါ ၀င်းဝင်းတွေ မမြင်ချင် အဆုံး ဖြစ်တော့သည်။ ကျနော်တို့ နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည် ဟု နာမည်ကြီးသည်။ သို့နှင့်တိုင် ကျနော်တို့ တစ်တွေကား ''ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ'' ဟု ဆိုကာ၊ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။ စိတ်ဓါတ်ရေးရာ အရ နို့စို့ကလေးဘ၀မှ မတက်နိုင်သောကြောင့် ဖြစ်သည်။
ကျနော်တို့ မြန်မာတွေမှာ၊ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ ( ဇာတ်မင်းသား၊ ဇာတ်မင်းသမီးများ ) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စား ဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတစ်ပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာ ဟု ထင်ကြသည်။ နိုင်ငံခြားသား တို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင် ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း၊ အတုယူ နည်းယူ စရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင်၊ အစစ အရာရာ ကျနော်တို့ တစ်တွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။
ကျနော်တို့ နိုင်ငံ ရောက်လာကြသော နိုင်ငံခြား ဧည့်သည်များက၊ ကျနော်တို့ကို သဘောကျကြပါသည်။ ''နက်ဖြန်ခါ အတွက် တွေးမပူ တတ်သော၊ ပျော်ပျော်နေ သေခဲ လူမျိုး'' ဟုလည်း၊ မကြာခဏ ဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက် မျိုးကို ကျနော်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့် စကားကို ကျေနပ်ပီတိ ဖြာနေသော ကလေးလေး တစ်ယောက်နှင့်ပင် တူသေးသည်။ ကျနော်တို့ ဟာသ က ရိုးတာသည်။ ကျနော်တို့ စကားက ပေါ့ပျက်သည်။ ကျနော်တို့ အတွေးက တိမ်သည်။ သင့် မသင့် မှန် မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစား ဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များ နှင့် ဂုဏ်သရေ ရှိ လူကြီးမင်းများ ကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။
ကျနော်တို့ လူမျိုးမှာ စံသတ်မှတ်ချက် များကိုလည်း၊ အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ''စံ'' အတိုင်းကား မကျင့်။ ကျင့် သယောင်ယောင် ဆောင်ကြသည်။ မိမိ ကိုယ်ကိုယ် ဆန်းစစ် ဝေဖန်သည် မျိုး အလျှင်း မရှိ၊ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။ ဤအကျင့်က ကျနော်တို့ စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်ခ်ျဂျီဝဲလ်တို့၊ ဒီအိပ်ခ်ျလောရင့် တို့၊ ဂိုဂိုလ်တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေး ဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာ ဒိဋ္ဌိ တွေ ဖြစ်ဖို့ များသည်။ ဆိုင်းဘုတ် မျိုးစုံ တပ်ကာ စွပ်စွဲ ပုတ် ခတ်ခံရဖို့သာ ရှိလိမ့်မည်။ မြန်မာ့ နိုင်ငံရေး မှာလည်း ဤနည်း နှင်နှင်ပင် ဖြစ်ပါသည်။ ကျနော်တို့ အကျင့်က နိုင်ငံရေး သမား တစ်ယောက်၏ တန်ဖိုးကို ကြိုက် မကြိုက် ဆိုသည် နှင့်သာ ဆုံးဖြတ်သည်။ ကျနော်တို့ နိုင်ငံတွင်သာ ချိန်ဘာလိန် လို အရည်အချင်း မျိုး ရှိသည့် နိုင်ငံရေး သမားမျိုး ရှိလျှင်၊ သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်း ထက်၊ သူတို့ ဟာဒယ ကို ထိ မထိသာ ကြည့်တတ်သည်။ ယနေ့ မြန်မာနိုင်ငံ ရေး လောကကို ကြည့်လိုက်လျှင်လည်း သတင်းစာ များ အတွက် သတင်းဖြစ်ရုံထက် ဘာမျှ မပို။ အချင်းချင်း ရန်ဖြစ်နေသည်က များသည်။ ပါတီ နှစ်ခု ရှိလျှင် တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း၊ အတိုက်ကောင်း လျင် နာမည် ကြီးမည်။ အစိုးရကို နာနာ ဆဲနိုင်ပါက ပို လူကြိုက်များ လိမ့်မည်။ မြန်မာ့ ဓလေ့တွင် အစိုးရ ( မင်း ) ကို ရန်သူမျိုး ငါးပါး ထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။
မြန်မာ ရေခံ မြေခံ မှာ၊ ဒီမိုကရေစီ စနစ် ရှင်သန် ဖို့ အကောင်းဆုံး ဟု ဆိုကြသည်များ လည်း ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက် အောင် မရှိသောကြောင့် ဟု ဆိုသည်။ သို့ဖြစ်လင့် ကစား ကျနော်တို့ တတွေမှာ ကိုယ့်သား ကိုယ့်သမီးတွေကို ယခုလို ဆိုဆုံးမလေ့ ရှိကြသည်။ ''သားရေ သမီးရေ ဟိုကလေးနဲ့ မကစားကြနဲ့တော့ နော်။ ဒင်းတို့တစ်တွေက အဆင့်အတန်း မရှိဘူးကွဲ့'' ကျနော်တို့ လူကြီး အချင်းချင်းလည်း ယခုလို ပြောလေ့ ရှိကြသည်။ ''ဦးချမ်းသာ နဲ့ ဒေါ်ပိုက်ဆံကို သိသမို့လား။ ဒီလို မြို့လေးမှာ သူတို့ ဘယ်နေနိုင်မှာလဲ။ သူတို့ကလေးတွေ အတွက် ပေါင်းစရာ မရှိဘူး တဲ့လေ။ သူတို့ အိမ်နီးချင်းတွေက စာရေး စာချီနဲ့ ကျောင်းဆရာတွေ ကိုးရှင့်'' စသည်ဖြင့်။
ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုး အပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီး သကာလ ဘာကြောင့် ဤသို့ ဖြစ်ရသည်ကို၊ အကြောင်းရှာ စိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့ လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။
Oh! The Burmans by U Thant