Tuesday, December 18, 2012

ဒေါ်အောင်ဆန်းစုကြည်အား Ion Ratiu ဒီမိုကရေစီဆု ချီးမြှင့်မည်

ဝါရှင်တန်၊ဒီဇင်ဘာ-၁၇

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၂ ခုနှစ် Ion Ratiu ဒီမိုကရေစီဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် Wilson Center ဥက္ကဋ္ဌနှင့် ဒါရိုက်တာဖြစ်သူ ဂျိန်းဟာမန်းက ပြောကြားသည်။

ယင်းဆုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅၊ ၁၆ ရက်တွင် ရန်ကုန်မြို့တွင် ကျင်းပမည့် စာတမ်းဖတ်ပွဲတစ်ခုတွင် ချီးမြှင့်သွားမည်ဖြစ်သည်။ ယင်းစာတမ်းဖတ်ပွဲအား Wilson Center's Global Women's Leadership Initiative ကပါ ပူးပေါင်းပါဝင် ကျင်းပခြင်းဖြစ်သည်။

"မြန်မာပြည်သူများနှင့် ဒီမိုကရေစီအရေးအတွက် သူမ၏ တစ်ဘ၀လုံးနှစ်မြှုပ်ပေးဆပ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်အတွက် Ion Ratiu Democracy Award အတွက် အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်"ဟု မစ္စတာဟာမန်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စာတမ်းဖတ်ပွဲမှာ "Women Leading Democracy Building in Myanmar: Shaping Global and Local Strategies"ဟု ခေါ်ဝေါ်ထားပြီး ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်မည်ဖြစ်ရာ ယင်းမှာ ဆုလက်ခံမည့်သူ၏ နိုင်ငံတွင် ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။

The Wilson Center မှာ ပေါ်လစီချမှတ်ခြင်းနယ်ပယ်နှင့် အသိပညာရှင်နယ်ပယ်နှစ်ခု ထိတွေ့ဆက်ဆံရေးအတွက် ပါတီနိုင်ငံရေးနှင့် မပတ်သက်သော နေရာတစ်ခု ဖန်တီးပေးသည့် အဖွဲ့အစည်းဖြစ်သည်။

The Ratiu Family Charitable Foundation မှာ ရိုမေးနီးယားနိုင်ငံတွင် အစပြုခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် လန်ဒန်၌ ပြန်လည်ထူထောင်ခဲ့သော အဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးလုပ်ဆောင်သော လူပုဂ္ဂိုလ်များအား နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာရန် Ion Ratiu Democracy Award အား ချီးမြှင့်ခြင်းဖြစ်သည်။

-Ref: US Newswire

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်

....♥♥♥♥♥♥ ....