Aye Chan Mon
Posted on Dec 07 12 - 08:24 AM
မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်ရန် စီစဉ်နေမှုအပေါ် တုန့်ပြန်ဆောင်ရွက်မှုအဖြစ် အမေရိကန်အစိုးရက စစ်သင်္ဘော ၄ စင်းအား စေလွှတ်လိုက်ပြီဖြစ်သည်။ မြောက်ကိုရီးယားက ပစ်ခတ်လာနိုင်သည့် ဒုံးကျည်ကို ခြေရာခံရန်နှင့် ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အမေရိကန်စစ်သင်္ဘောများကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး စစ်သင်္ဘော Shiloh နှင့် ဒုံးကျည်ဖျက် စစ်သင်္ဘော ၃ စင်းဖြစ်သည့် John S. McCain, Benfold နှင့် Fitzgerald တို့ကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက NBC News သို့ ပြောကြားသည်။ မြောက်ကိုရီးယားက ပစ်ခတ်လာနိုင်ဖွယ်ရှိသည့် ဒုံးကျည်မှာ ဖီလစ်ပိုင် သို့မဟုတ် ဂျပန်နိုင်ငံအတွင်းသို့ ကျရောက်လာမည့် အခြေအနေကို စောင့်ကြည့်ကာကွယ်သွားနိုင်ရန် အမေရိကန်စစ်သင်္ဘောများကို အသင့်ရှိနေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်း ဒုံးကျည်ပစ်လွှတ်မည်ဟု ကြေညာထားပြီး မကြာသေးမီက ဒုံးကျည်အား ပစ်လွှတ်စင်တွင် တပ်ဆင်ထားလိုက်ပြီဟု သတင်းထွက်ပေါ်လာသည်။
အေးချမ်းမွန်မှ Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။