Tuesday, December 4, 2012

ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသွားမည် ဒီဇင်ဘာလအတွင်း မကွေး၊ နတ်မောက်နှင့် ကော့သောင်းသို့ သွားရောက်မည်

ရန်ကုန်၊ ဒီဇင်ဘာ-၃

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလအတွင်း ပြည်တွင်းခရီး နှစ်ခုထွက်မည်ဖြစ်ကာ ဇန်န၀ါရီတွင် ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း

သတင်းရရှိသည်။

ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သော နတ်မောက်မြို့အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်း မြို့များသို့ ကြားဖြတ်ရွေးကောက်ပွဲကာလက

ခရီးစဉ်စီစဉ်ပြီးမှ ကျန်းမာရေးအခြေအနေကြောင့် မသွားဖြစ်ခဲ့သည့်အတွက် ယခုဒီဇင်ဘာ ၁၁ ရက်တွင် နှစ်ရက်တာ သွားရောက်မည်ဖြစ်ကြောင်း

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်စီစဉ်မှုများတွင် အနီးကပ်ပါဝင်သူတစ်ဦးက ပြောကြားသည်။

ထို့နောက် ကော့သောင်းမြို့သို့ ဒီဇင်ဘာတတိယပတ်အတွင်း ထပ်မံသွားရောက်မည်ဖြစ်ပြီး ကော့သောင်းသို့ သွားရောက်ခြင်းနှင့်ပတ်သက်၍

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်လည်းဖြစ်၊ ယင်းဒေသခံလည်းဖြစ်သည့် ဒေါက်တာတင်မျိုးဝင်းက “ကြားဖြတ်တုန်းက မြိတ်ကိုသွားပြီးတော့

အဲဒီကိုလည်း လာမယ်လို့ ကတိပြုထားတဲ့နေရာလည်းဖြစ်တယ်။ သူတစ်ခါမှ မရောက်ဖူးတဲ့ နေရာလည်းဖြစ်တော့ သွားဖို့ဖြစ်သွားတာပါ။ ကျွန်းစုမြို့နယ်၊

ကော့သောင်းနဲ့ ကံမော်မြို့တို့ကို ရောက်ပါမယ်။ နှစ်ညအိပ်ပါ” ဟု ဖြေကြားသည်။

လွှတ်တော် ခေတ္တရပ်နားထားစဉ် ကာလအတွင်း မုံရွာမြို့သို့ သွားရောက်ကာ လတ်တလော ဖြစ်ပွားနေသည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကြား

ဝင်ဖြေရှင်းပေးရန် ဒေသခံကျေးရွာသားများနှင့် တွေ့ဆုံခဲ့သလို မိန့်ခွန်းလည်း နှစ်ကြိမ်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်တွင်းခရီးစဉ်များ ရပ်နားထားခဲ့ပြီး ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့

သွားရောက်ခဲ့သည်။ ထို့နောက် ဗြိတိန်၊ အမေရိကန် အပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ မကြာသေးမီက အိန္ဒိယနိုင်ငံမှ

ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

လွှတ်တော်အစည်းအဝေးများ ဇန်န၀ါရီလအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်အစည်းအဝေးရှိချိန်များတွင် နေပြည်တော်ရှိ

နေအိမ်၌သာနေထိုင်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
7Day News Journal

....♥♥♥♥♥♥ ....