Wednesday, November 28, 2012

ကြေးနီစီမံကိန်း ပြန်လည်ဆန်းစစ်ရန် လွှတ်တော်အတည်ပြုပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင်သွားမည်

ရန်ကုန်၊နိုဝင်ဘာ-၂၄

ပြည်သူ့လွှတ်တော်တွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အကျိုးသက်ရောက်မှုကို ကော်မရှင်ဖွဲ့ပြီး ပြန်လည်ဆန်းစစ်ဆောင်ရွက်ရန် သမ္မတအား တိုက်တွန်းသည့်အဆိုအတည်ပြုပြီး ရက်ပိုင်းအတွင်း ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ရွှေ့ပြောင်းရမည့် ဒေသခံများကို စာနာနားလည်အားပေးရန် နိုဝင်ဘာ ၂၉ ရက်တွင် သွားရောက်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်တွင် ကြေးနီစီမံကိန်းကိစ္စ အဆိုတင်သွင်းခဲ့သည့် ပုလဲမဲဆနနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က
ပြောကြားသည်။

ဒေါ်ခင်စန်းလှိုင်က လက်ရှိလုပ်ဆောင်နေသော လက်ပန်းတောင်းတောင်၊ စံပယ်တောင် (တောင်ဘက်)၊ ကြေးစင်တောင်ကြေးနီစီမံကိန်းတို့၏ လူမှုဝန်း ကျင်အပေါ် အကျိုးသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနှင့် ပြည်သူအတွက် အကျိုးအမြတ်အခြေအနေများ ပါဝင်သော ကိစ္စရပ်များကို ကော်မရှင်တစ်ရပ်ဖွဲ့စည်းစစ်ဆေးပြီး ရလဒ်များကို ကြေညာ၍ လုပ်သင့်၊မလုပ်သင့် ကိုင်တွယ်ဆန်းစစ်ရန် သမ္မတအား တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်က နောက်ပိုင်းလုပ်သွားမှာ မဟုတ်ပါဘူး။ ကော်မရှင်က စစ်ဆေးထားတဲ့ ရလဒ်တွေကို ပြည်သူကိုချပြပြီး လုပ်ဆောင်သင့်၊ မသင့်ကို ကိုင်တွယ် ဆန်းစစ်ဖို့ သမ္မတကို တိုက်တွန်းတာပါ” ဟု ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

လွှတ်တော်အတွင်း အဆိုတင်သွင်းမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်။ “လွှတ်တော်မှာဆွေးနွေးကြတာကို ကျွန်တော် အနီးကပ်နားစွင့်နေပါတယ်။ ဥပဒေမူဘောင်အောက်မှာ သင့်လျော်တဲ့နည်းလမ်းတွေကတစ်ဆင့် ကွဲပြား ခြားနားမှုတွေကို ညှိနှိုင်းဆွေးနွေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တောင်းဆိုမှုကို ကျွန်တော်တို့တန်ဖိုးထားပါတယ်။ မြန်မာပြည်သူတွေရဲ့ ကာလရှည်အ
ကျိုးစီးပွားကိုသာမက မြန်မာ့ အနာဂတ်စီးပွားရေးပွင့်လင်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တည်ငြိမ်ပြီးခန့်မှန်းတွက်ဆနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖန်တီးရေးဆွေးနွေးဖို့ တောင်းဆိုမှုတွေကိုတန်ဖိုးထားပါတယ်”ဟု ၎င်းကပြောကြားသည်။

စီမံကိန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော မြန်မာဝမ်ပေါင်ကုမ္ပဏီ အုပ်ချုပ်ရေးမန်နေဂျာ ဦးမြင့်သိန်းက “ဒီစီမံကိန်းနှစ်ခုလုံးက အခုမှ လုပ်တာမဟုတ်ပါဘူး။ အိုင်ဗင်ဟိုးလက်ထက်ကတည်းက SIA နဲ့ EIA လုပ်ပြီးသားပါ။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဆန်းစစ်မယ်ဆိုရင်လည်း နိုင်ငံတကာ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ပညာရှင်တွေ မျှမျှတတနဲ့ ဆောင်ရွက်ပေးမယ့်သူတွေကို ပါဝင်စေချင်ပါတယ်။ သမ္မတရဲ့ ဆုံးဖြတ်ချက်က မြစ်ဆုံလိုမျိုး ရပ်ဆိုင်းခဲ့ရင် ကုမ္ပဏီရဲ့ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကို မြန်မာပြည်ရဲ့ ဥပဒေအတိုင်း ဖြေရှင်းပေးပါလို့ ပြောချင်ပါတယ်”

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပတ်သက်၍ စီမံကိန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစံညွှန်းအတိုင်းအကောင် အထည်ဖော်သွားမှာဖြစ်ပြီး အများစိုးရိမ်နေသည့် ပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိကို စီမံကိန်းပြီးလျှင် သက်သေပြမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အောက်တိုဘာ လလယ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

“မုံရွာကြေးနီစီမံကိန်းကို မြန်မာအစိုးရနဲ့ ပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် တရုတ်အစိုးရကထောက်ခံမှာ မဟုတ်ပါဘူး”ဟု တရုတ်သံအမတ်ကြီးက ပြောသည်။ သဘောတူညီစာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော်ဆဲစီမံကိန်းတစ်ခုကို တစ်ဖက်သတ်ဖျက်မည်ဆိုပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုကျဆင်းနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာသို့ ပြောကြားခဲ့ကြောင်း Messenger News ဂျာနယ် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

“အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင် ဒီလို ပြဿနာတွေ မဖြစ်ဘူး။ အခုက ဒီ မိုကရေစီမရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမိုကရေစီခေတ်မှာ ပြန်ရှင်းရတာဆိုတော့ နည်းနည်းတော့ အရှုပ်အရှင်းရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလိုချင်ချင်နဲ့ ပေးထားတဲ့ကတိ ကိုယ့်ဘာသာကိုယ်လိုလိုချင်ချင်နဲ့ လုပ်ထားတဲ့ အလုပ်တစ်ခု သဘောတူညီချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှစပြီး ဒေသခံများက ကန့်ကွက်တောင်းဆိုမှုများကို တဖြည်းဖြည်းလုပ်ဆောင်လာခဲ့ကြရာ ယနေ့အချိန်ထိလည်း ရပ်ဆိုင်းပေးရန် သပိတ် စခန်းဖွင့်တောင်းဆိုမှုများ ပြုလုပ်နေကြဆဲဖြစ်သည်။ လွှတ်တော်တွင် လက်ပန်းတောင်းတောင်ကိစ္စပြန်လည်ဆန်းစစ်ရန် အဆိုအတည်ပြုခြင်းနှင့် ဒေါ် အောင်ဆန်းစုကြည် သွားရောက်မည်ကို ကြိုဆိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက ပြောသည်။

“ရပ်တယ်၊ မရပ်ဘူးဆိုတာထက် အကျိုးအပြစ်ကို ကြည့်ရမယ်။ အကျိုးအပြစ်ကိုကြည့်ပြီး ဆုံးဖြတ်တဲ့အပေါ် အားလုံးကလည်း လိုက်နာဖို့လိုတယ်။ ငါ့သ ဘောနဲ့မတူဘူးဆိုပြီး မလိုက်နာဘူးဆိုရင်တော့ မကောင်းဘူးပေါ့။ လွှတ်တော်ကလုပ်တဲ့အတွက် ကြိုဆိုတယ်။ ဒေါ်စုသွားတာ ပိုလို့ကောင်းတယ်။ ဒေါ်စုရဲ့ ပညာဉာဏ်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာတွေ ပြည်သူတွေကို ပြောပြမယ် ထင်တယ်”ဟု Ecodev မှ ဦးဝင်းမျိုးသူက ပြောသည်။

ယင်းစီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့် (၀၀၀၃/ ၂၀၁၀)ဖြင့် မြေငှားဂရန်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် wanbao သတ္တုကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်ရန် နှစ်ခြောက်ဆယ်
မြေငှားရမ်းဂရန်ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၉၉၉ သန်း ပါဝင်ပြီးရာနှုန်းပြည့် မြှုပ်နှံထားခြင်းဖြစ်သည်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အကျိုးအမြတ်ခွဲဝေမှုတွင် နိုင်ငံတော်က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီက ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရရှိမည်ဖြစ်ကာ ထုတ်လုပ်မှုကုန်ကျစရိတ် ကို ၅၆ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်တွင်ပြောကြားခဲ့သည်။ (7Day News Journal )

....♥♥♥♥♥♥ ....