Friday, August 31, 2012

အမေစု ရေးတဲ့စာ (ဒီလှိုင်း ဂျာနယ်)

အတွဲ(၁) အမှတ် ၃၂။ ၂၇.၈.၂၀၁၂



ဒီအပတ်တော့ လယ်၊ ယာ၊ မြေနဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတွေ အကြောင်း ပြောချင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လူများစုဟာ ကျေးလက်တောရွာနေ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေပါ။ ကျန်ပြည်သူတွေအတွက် အသက်လို့အမွှမ်းတင်ခေါ်ဝေါ်နိုင်တဲ့ ဆန်ဆိုတာကလည်း လယ်ယာလုပ်သူတွေကပဲ ထုတ်လုပ်ပေးတာပါ။ ကျွန်မက ရန်ကုန်မှာမွေးတဲ့ မြို့သူလို့ပဲပြောရမှာပါ။ ကလေးငယ်ဘဝက ကားနဲ့ မြို့ပြင်ထွက်တာနဲ့ လယ်ကွင်းတွေကို တွေ့ရတဲ့အခါ ကြည့်မဝ၊ ရှုမဝ မိုးကုပ်စက်ဝိုင်းထိအောင် အစိမ်းနုရောင်၊ ရွှေဝါရောင် (ရာသီပေါ်တည်ပြီး သန်းနေတဲ့အလှကို အံ့ဩသလို၊ မယုံနိုင်သလို ခံစားရပါတယ်။ ဘယ်နှခါတွေ့တွေ့ မရိုးနိုင်သလိုပါပဲ။ နည်းနည်းကြီးလာပြီး စာဖတ်တတ်တဲ့ အရွယ်ရောက်တော့ ကဗျာတွေ၊ စာတွေထဲမှာ ကျေးလက်တောရွာက လယ်လုပ်သူတွေ မိမိတို့ မိခင်မြေကို ချစ်မြတ်နိုးပုံအကြောင်း သိရှိလာရပါတယ်။ အင်္ဂလိပ်ဘာသာ ဖတ်တတ်လာတဲ့အခါမှာ အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ မိမိတို့နေ့စဉ်နဲ့အမျှ တစ်ဘဝလုံး ထိတွေ့နေရတဲ့ လယ်ယာမြေတွေကို နှစ်သက်မြတ်နိုးပုံတွေကို သိရှိခဲ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Land ရဲ့အဓိပ္ပါယ်ဟာ အတော်ကျယ်ပြန့်ပါတယ်။ မြေ၊ ကုန်းမြေသာမက ကိုယ့်တိုင်း၊ ကိုယ့်ပြည်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ 'Scottland' ဆိုရင် စကော့လူမျိုးတွေရဲ့ မြေ၊ စကော့လူမျိုးတွေရဲ့ ပြည်ပေါ့။ 'Ireland' ဆိုရင်လည်း အိုင်းရစ်လူမျိုးတွေရဲ့မြေ၊ အိုင်းရစ်လူမျိုးတွေရဲ့ ပြည်ပေါ့။ စန္ဒရားတီးတတ်တဲ့အရွယ်ရောက်တော့ နိုင်ငံတကာက သီချင်းတွေစုထားတဲ့ စာအုပ်လေးတစ်အုပ် ရခဲ့ပါတယ်။ အဲဒီထဲမှာ ငါတို့ဘိုးဘွားတွေရဲ့ မြေလို့ အဓိပ္ပါယ်ပေါက်တဲ့ ဝေလနယ်ကသီချင်းတစ်ပုဒ်ကို တွေ့ရတဲ့အခါ ကျွန်မတို့ နိုင်ငံတော်သီချင်းကို သတိရမိပါတယ်။ ငါတို့ပြည်၊ ငါတို့မြေဆိုတဲ့ ခံစားချက်ဟာ လူမျိုးတိုင်းမှာ ရှိနေပါလား။ အစိမ်းနုရောင်လယ်ကွင်းတွေရဲ့အလှကို ဖွဲ့နွဲ့ထားတဲ့ တရုတ်၊ ဂျပန် ကဗျာတွေကို ဖတ်တဲ့အခါမှာ ငယ်ငယ်က ရန်ကုန်မြို့ပြင်ရောက်တာနဲ့ တွေ့မြင်ရတဲ့ ရှုခင်းတွေကို သတိရမိပါတယ်။ ကန်စွန်းပန်းလေးတွေ၊ ကြာပန်းလေးတွေရဲ့အလှ၊ ဗျိုင်းလေးတွေရဲ့ ကချေသည်ဟန်လေးနဲ့ နွဲ့ပုံတွေကို ကျွန်မလိုမြို့မွေးကလေးက နှစ်သက်မြတ်နိုးလေတော့ လယ်တွေ၊ ယာတွေအကြား မွေးဖွားကြီးပြင်းလာသူတွေအနေနဲ့ ဘယ်လောက်တွယ်တာလိုက်မလဲလို့ မှန်းကြည့်လို့ရပါတယ်။ {ကမ္ဘာ}ဆိုတဲ့ စကားလုံးက ပါဠိကလာတာပါ။ မြန်မာလိုကတော့ မြေ၊ မြေကြီးပဲ မဟုတ်ပါလား။ အင်္ဂလိပ်ဘာသာစကားမှာ {ကမ္ဘာ}ဆိုတဲ့ {earth} ဟာ {မြေကြီး} ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိသလိုပေါ့။ ဒါကြောင့် {ကမ္ဘာမြေကြီး}လို့လည်း ပြောနိုင်နေတာပဲလေ။ {မြေကြီးကိုချစ်ခြင်း}ဆိုတာကို စာပေတွေထဲမှာ အမွှမ်းတင် ရေးသားထားတာတွေ တွေ့ခဲ့ရဖူးပါတယ်။ အမိမြေကိုပြန်ရောက်လာသူတွေ ဝပ်တွားပြီး မြေကြီးကို မျက်နှာနဲ့ပွတ်ကာ နမ်းရှုပ်တာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ရောက်ခဲ့တဲ့ရွာတွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အကြောင်း ယခင်အပတ် {ဒီစကား}မှာ ရေးခဲ့ပါတယ်။ တစ်ချက်အနေနဲ့ အလုပ်အကိုင်ရရှိရေးကို ထည့်သွင်းခဲ့ပေမဲ့ အလုပ်အကိုင်မဲ့နေရတဲ့ အကြောင်းရင်းတစ်ရပ်ကိုတော့ မထည့်သွင်းခဲ့ပါဘူး။ သီးသန့် အထူးအာရုံစိုက်သင့်တဲ့ကိစ္စလို့ ထင်မှတ်လို့ပါ။ လယ်ယာမြေတွေဆုံးရှုံးမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ ကျေးလက်တောရွာနေပြည်သူတွေ အများအပြားရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေအရ မှန်မှန်ကန်ကန်လုပ်ဖို့လိုမယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လောက်မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုတာကတော့ မှန်းဖို့ခက်ပါတယ်။ ဖြေရှင်းလို့မပြီးခင် ကာလအတွင်းမှာ အလုပ်လက်မဲ့နေတဲ့ ကျေးလက်တောရွာပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရပါတယ်။ ရောက်ခဲ့တဲ့ရွာတွေမှာ ဒီပြဿနာကို ဆွေးနွေးရပါတယ်။ ဆွေးနွေးမှုက ထွက်ပေါ်လာတာကတော့ လယ်ယာမြေဆုံးရှုံးသွားသူတွေအကြား တွေးခေါ်ပုံ နှစ်လိုင်းရှိနေပါတယ်။ တစ်လိုင်းကတော့ အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေ၊ စက်ရုံ-အလုပ်ရုံတွေ တည်ဆောက်ပေးရေးပါပဲ။ စိုက်ပျိုးရေးကနေ စက်မှုဘက်ကိုပြောင်းဖို့ အားသန်နေတဲ့ပုံပါပဲ။ နောက်တစ်လိုင်းကတော့ စိုက်ပျိုးရေးကို ဖြစ်နိုင်က ပြန်ပြီးလုပ်ချင်ပါတယ်။ ရဲဒိရွာက လယ်သမားကြီးတစ်ဦး ပြောပြတာက ဘိုးဘွားတွေက လယ်ယာလုပ်ကိုင်ပြီး ဘဝကိုဖြတ်သန်းခဲ့တာ။ သူကိုယ်တိုင်လည်း မြေတွေဆုံးရှုံးသွားတဲ့အထိ လယ်လုပ်ကိုင်ခဲ့ပြီး ဒီလိုပဲ ပြန်လုပ်ချင်ပါတယ်တဲ့။ လယ်သမားကြီးပြောပုံက ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ သူတစ်သက်လုံး ခြေဖဝါးနဲ့ရွှံ့နဲ့ ထိပြီးလုပ်သွားချင်ပါတယ်တဲ့။ မြေကြီးကိုချစ်စိတ်ပြတာပါပဲ။ ရှေးဆန်တယ်၊ စိတ်ကူးယဉ်တယ်လို့ မြင်တဲ့သူတွေကို ကျွန်မက လယ်သမားကြီးဘက်က ရပ်တည်ပြီး ဒီလိုပြောပါရစေ။ ၂၁ရာစုဟာ စားနပ်ရိက္ခာဖူလုံရေး၊ လုံခြုံရေး အဓိကကျတဲ့ရာစုလို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။ လယ်ယာမြေတွေကို တန်ဖိုးထားရမဲ့ခေတ်ပေါ့။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

....♥♥♥♥♥♥ ....